တပ်ကုန်း ဇွန် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျပန်းစကားပြော၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဇွန် ၁၇ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ် ကျင်းပခဲ့သည့် စာစီစာကုံး၊ ပန်းချီ၊ ဉာဏ်စမ်းပြိုင်ပွဲများမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်၊ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြိုနယ်(Book Club)ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)၊ မြို့နယ်(Womam Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများကို တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပြီး၊ ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်စိုးလွင်