မုဒုံမြို့၌ ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မုဒုံ ဇွန် ၂၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝဲကလိကျေးရွာနှင့် ကတုံးပေါ်ကျေးရွာတို့တွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ ရေရရှိရေးလုပ်ငန်းများကို  ယမန်နေ့က  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်ဦး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဝဲကလိကျေးရွာတွင် ဆိုလာရေတင်စနစ် ဆောင်ရွက်ရန် မြေပြင်အခြေအနေများ၊ ကတုံးပေါ်ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်းကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၄၃ ဒသမ ၅) သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၃၃၀) ခန့် ရာသီမရွေး ရေရရှိမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)