ကျိုင်းတုံ ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ်သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ အမေ့ရင်ခွင်ကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံ-မိုင်းဆတ်ခရိုင်သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး ဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောဆာဝူက သစ်တောများ ပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့အန္တရာယ် ကာကွယ် လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း သစ်တောသုတေသနဌာန၊ ရေဆင်း နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမူမူအောင်က ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းနှင့်သစ်တောများ၏ အခန်းကဏ္ဍဆိုင်ရာ သိကောင်းစရာများစသည့် အကြောင်းအရာများကို အမေ့ရင်ခွင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
ထို့နောက်အမေ့ရင်ခွင်ကျောင်းတော်တည်ထောင်သူ ဦးမင်းညိုက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)