မိုးနဲ ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်နေရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်ရဲစခန်းမှူးမှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးများ၊ သုံးစွဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ လက်ဝယ်တွေ့ရှိပါက ကျခံရမည့်ပြစ်ဒဏ်များနှင့် သုံးစွဲသူများအနေဖြင့် ဘဝပျက်ခဲ့ရပုံများအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့ကြသည်။ ထို့နောက် ၃၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လက်ကမ်းစာစောင်ကို အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အကျယ်တဝင့်သိရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရုံးရှေ့မြေစိုက်ပြဘုတ်ရှိ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)