အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များသို့ ကျွေးမွေးစရိတ်၊ ငှားရမ်းခနှင့် ထုတ်လုပ်စရိတ်များ ထုတ်ပေး

မန္တလေး နိုဝင်ဘာ ၁၄

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များသို့ ကျွေးမွေး စရိတ်နှင့် ငှားရမ်းခနှင့် ထုတ်လုပ်စရိတ်များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဖြစ် ယာယီဖွင့်လှစ် ထားသော ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်း ထောင့်ရှိ အ‌မြောက် တန်း သစ်လွင်ဓမ္မာရုံတွင် ပြုလုပ်သည်။

အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီးက အမှာစကား ပြောကြားပြီး အတွင်းရေးမှူးဒေါ်နှင်းနှင်းက ကျွေးမွေး စရိတ်နှင့် ငှားရမ်းခနှင့်ထုတ်လုပ်စရိတ်များ ထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အသက်(၆၀)နှစ်နှင့်အထက်ရှိ မဲဆန္ဒရှင်များကို နေအိမ်အရောက် ကြိုတင်ဆန္ဒမဲများ ကောက်ယူပေးကြသည့် ကြိုတင်ဆန္ဒမဲကောက်ယူရေးအဖွဲ့များအတွက် ကျွေးမွေးစရိတ်နှင့် ငှားရမ်းခနှင့် ထုတ်လုပ်စရိတ်များကို အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါက်တာကိုကိုကြီးနှင့် အတွင်းရေးမှူး ဒေါ်နှင်းနှင်းတို့ က မဲရုံအလိုက်ထုတ်ပေးကြရာ မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၁၉) ရပ်ကွက်မှ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လက်ခံရယူကြသည်။

အဆိုပါ ကျွေးမွေးစရိတ်၊ ငှားရမ်းခနှင့် ထုတ်လုပ်စရိတ်များ ထုတ်ပေးရာသို့ အောင်မြေ သာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်း ရေးမှူးဒေါ်နှင်းနှင်းနှင့် အဖွဲ့ဝင်များ၊ (၁၉) ရပ်ကွက်မှ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)