ရန်ကုန် ဇွန် ၂၃
မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အလုပ်အကိုင် အခွင့်လမ်းများ ပိုမိုရရှိစေရန်နှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းပြီး သင်္ဘောသားလုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကုန်းပတ်သင်္ဘောသား အခြေခံ လက်တွေ့သင်တန်း အမှတ်စဉ်(၁)၊ (အခမဲ့) သင်ကြားခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
"ဒီသင်တန်းက ပထဦးဆုံးအကြိမ် ဖွင့်လှစ်ပို့ချခြင်း ဖြစ်ပါတယ်။ အခမဲ့သင်ကြားပေးတာပါ၊ သင်္ဘောသားတစ်ယောက်လုပ်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်သလဲ။ သင်္ဘောပေါ် ရောက်ရင် ဘယ်လိုမျိုးတွေ လုပ်ဆောင်ရမယ်ဆိုတာတွေကို သင်ကြားပို့ချပေးခြင်း ဖြစ်ပါတယ်။ နောက်ပြီး သင်္ဘောတက်မယ့် သူတွေအနေနဲ့ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်မလုပ်နိုင်ဘူးဆိုရင် သင်္ဘောတက်မယ့်နေရာမှာ အဆင်မပြေဖြစ်မယ်။ အင်တာဗျူးလုပ်မယ့် အခါကျရင်လည်း အဆင်ပြေစေဖို့ပါ။ အလားတူပဲ အဖွဲ့ချုပ်ရဲ့ ချမှတ်ထားတဲ့ အချက်တွေကိုလည်း ဖြည့်ဆည်းပေးတဲ့သဘောပါ" ဟု မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင် ပြောသည်။
ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်းအား မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ (MSF)အဖွဲ့ချုပ်မှ အခမဲ့ ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းအား သင်ကြားအထောက်အကူပြုပစ္စည်းများဖြင့် ဆရာ ဦးသက်ထွန်း CDC 7507 နှင့် ဆရာ ဦးစအောင်ဌေး CDC 15200 တို့ နှစ်ဦးမှ အနီးကပ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရက်သတ္တပတ် ၃ ပတ်ခန့် ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)