လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

လားရှိုး ဇွန် ၂၃

နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေ အသိပညာ ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၂)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က စာဖတ်ဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် စာရေးဆရာမ ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)က စာဖတ်ဝိုင်း ကျင်းပခြင်းမှ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများနှင့် ဖတ်ကြားမည့် စာအုပ်အကြောင်းကို ပြောကြားသည်။

ယင်းနောက် စာရေးဆရာမ ခမ်းယု(ငွေလမင်း) ရေးသားသည့် “ အနာဂတ်ပန်းများ ပွင့်လန်းစေသော် ” ဆောင်းပါးပါ အကြောင်းအရာများကို စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့်  Book Club  အဖွဲ့ဝင်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများက ဖတ်ကြားကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် လူငယ်စကားဝိုင်းများ ၊ ပြပွဲ/ ပြိုင်ပွဲများ ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ Talk show များကို စဉ်ဆက်မပြတ် ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)