ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများအား လှိုက်လှဲစွာ ကြိုဆိုပွဲသို့ တက်ရောက်

ဟိုပုံး ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်း ရတနာများကို ယနေ့ မွန်းတည့် (၁၂) နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ကြိုဆိုခဲ့ကြသည်။

ထိုသို့ ကြိုဆိုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄)သင်တန်း တက်ရောက်မည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့ သားကောင်းရတနာများအား အမွေးနံ့သာရည်များ၊  အောင်သပြေများဖြင့် လှိုက်လှဲစွာကြိုဆိုခဲ့ ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘုရင့်နောင်ခန်းမတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄)သင်တန်း တက်ရောက်မည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းရတနာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီးနောက် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်း ရတနာများအား စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)