ပေါင် ဇွန် ၂၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့သည် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည့် ၂ဝ၂၄ ခုနှစ်၊ ကျေးရွာသုံးထင်းစိုက်ခင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ယနေ့နံနက် (၈)နာရီက တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ရင်ဆိုင်နေကြရသည့် ကမ္ဘာကြီးပိုမိုပူနွေးလာမှု၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သော အပူချိန်လွန်ကဲလာမှုကို တိုက်ဖျက်တွန်းလှန်နိုင်ရန် အခြေခံအကျဆုံးဖြေရှင်းနည်းဖြစ်သည့် သစ်တောသစ်ပင်တွေစိုက်ပျိုးကြရန် တစ်ရွာလျှင် ကျေးရွာသုံးထင်းစိုက်ခင်း (၂)ဧက တည်ထောင်စိုက်ပျိုးကြရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပရခြင်းဖြစ်ကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရာတွင် သစ်ပင်စိုက်ပျိုးခြင်းဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင် အနည်းဆုံး (၂)ဧက စိုက်ပျိုးခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်ဝင်းနှင့်လမ်းဘေးများတွင်လည်း စိုက်ရန်လိုကြောင်း၊ မြို့ရွာများအလိုက် သစ်တောသစ်ပင်စိုက်ပျိုးရန် မြေနေရာများ စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ မြန်မာနိုင်ငံသည်ထင်းလောင်စာသုံးစွဲမှု မြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နှစ်စဉ်ထင်းလိုအပ်ချက်ပမာဏဟာ ကုဗတန် (၁၇)သန်းခန့်ရှိ၍ နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းကျော်ရှိသည့် ကျေးလက်ဒေသနေပြည်သူများသည် အဓိကလောင်စာအဖြစ် ထင်း၊ မီးသွေးတို့ကို သုံးစွဲမှုမြင့်တက်လာနေသည့်အတွက် သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သဘာဝတောကျန်များထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတစ်ရပ်အဖြစ်ကြုံတွေ့နေရကြောင်း၊ မွန်ပြည်နယ်တွင်လည်း ဌာနအစီအစဉ်ဖြင့် တစ်ရွာ (၂) ဧက ကျေးရွာသုံးထင်းစိုက်ခင်း (၁၈) ဧက တည်ထောင်စိုက်ပျိုးပြီးဖြစ်ကာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ကျေးရွာသုံးထင်းစိုက်ခင်း (၁၂) ဧက ထပ်မံတည်ထောင်စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ ယခုကျင်းပသော သစ်ပင်စိုက်ပျိုးပွဲတော်မှာ နောင်နှစ်အနည်းငယ်ကာလအတွင်း သစ်၊ ထင်း၊ တိုင်၊ မျော ထုတ်ယူသုံးစွဲနိုရန် ရည်ရွယ်ချက်နှင့် ကြီးမြန်သစ်မျိုးဖြစ်ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီမှုရှိသည့် မန်ဂျန်ရှားသစ်မျိုး (၂) ဧက (၂၄၂၀)ပင်ကို စိုက်ပျိုးသွားမှာဖြစ်ပြီး ဒေသရာသီဥတုကို ထိန်းညှိပေးနိုင်မှာဖြစ်သကဲ့သို့ ဒေသခံကျေးရွာပြည်သူများအတွက် လောင်စာအဖြစ် ထောက်ပံ့ပေးနိုင်ရန် အဓိကရည်ရွယ် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ၂ဝ၂၄ ခုနှစ် မိုးရာသီအတွင်း မွန်ပြည်နယ်တစ်ဝန်းလုံးမှာ သစ်ပင်စိုက်ပျိုးပွဲတော် (၁၃)ကြိမ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သစ်ပင်ပေါင်း (၈၈၄ဝ)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ကာ ပြည်သူလူထုနှင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များကို သစ်မျိုး (၁၈)မျိုးနှင့် ပျိုးပင်ပေါင်း (၃)သိန်း ဖြန့်ဝေပေးသွားမည်ဟု သိရှိရကြောင်း၊ ယခုနှစ် မိုးရာသီတွင် ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းဒဏ်ခံနိုရန်အတွက် အုန်းပင် (၁၁၃၀)ပင်၊ ဒီရေတောသစ်ပင် (၅၂၅ဝ)ပင်နှင့် အရိပ်ရ လေကာပင် (၁ဝ၁ဝဝ)ပင်၊ လမုပင် (၁၈ဝဝ)ပင်အပါအဝင် ဒီရေတောနှင့် အရိပ်ရလေကာပင် စုစုပေါင်း (၂ဝ၃၃ဝ)ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်း ပူပြင်းခြောက်သွေ့မှုနှင့် အပူချိန်မြင့်မားမှုများကို လျှော့ချနိုင်ရန်နှင့် တုံ့ပြန်ကာကွယ်နိုင်ရန်အတွက် စိမ်းလန်းစိုပြည်သော၊ ရာသီဥတုမျှတကောင်းမွန်သော၊ ဂေဟစနစ်များ သမမျှတပြီး သာယာလှပသော သဘာဝပတ်ဝန်းကျင် ရပ်ဝန်းတစ်ခုဖြစ်လာစေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မိုးရာသီသစ်ပင်များကို စိုက်ပျိုးရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သစ်အမျိုးအစားဖြစ်သော မန်ဂျန်ရှား (၂၄၂၀)ပင်ကို စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ယင်းနောက် ပေါင်မြို့နယ် ရဲပြားကုန်းကျေးရွာအနီးရှိ မလတ်တောင် မြေပြိုကျမှုဖြစ်စဉ်နှင့်ပက်သက်၍ ရေမြေထိန်းသိမ်းရေးဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူတစ်ဦးက ၂၀၀၀ ခုနှစ်တွင် ဗာတီဗာမြတ်အပင်ရေ (၂၀၀၀၀)စိုက်ပျိုးထားရှိမှု၊ ၂၀၂၁ ခုနှစ် ဘောစကိုင်းသစ်စေ့ (၁၀)ပြည် ကြဲပက်ခြင်းဆောင်ရွက်မှု၊ ၂၀၂၂ ခုနှစ်တွင် မန်ဂျန်ရှား (၁၂၁၀)ပင် စိုက်ပျိုးမှု၊ ၂၀၂၃ ခုနှစ်တွင် မန်ဂျန်ရှား(၁၂၁၀)ပင် စိုက်ပျိုးထားရှိမှုကို ရှင်းလင်းတင်ပြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်မြင်ဖြစ်ထွန်းနေသော စိုက်ခင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မွန်မလေး (ပြန်/ဆက်)