တိုက်ကြီး ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မှီစေရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအာကာကျော်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်း၊ မြို့နယ်သမဝါယမအသင်းစုဉက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်သမဝါယမအသင်းစုအုပ်ချုပ်မှုဒါရိုက်တာ ဦးကံချွန်နှင့် တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၂၄)သင်း၊ အသင်းသား တောင်သူ (၃၄၅)ဦး၊ စိုက်ဧက (၂၀၂၀)ဧကအတွက် တစ်ဧကလျှင် (၂)သိန်းနှုန်းဖြင့်ညီမျှသော ကျပ်သိန်းပေါင်း (၄၀၄၀)သိန်း တန်ဖိုးရှိ သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)