မြစ်ကြီးနား ဇွန် ၂၂
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ ကချင်ပြည်နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ကျင်းပပြုလုပ်မည့် မြစ်ကြီးနားတက္ကသိုလ်ဘောလုံးကွင်းအနောက်ဘက် မြေကွက်လပ်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး များနှင့် ကျောင်းသား/ကျောင်းသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များက ရတနာတန်းဝင် ကျွန်းပင် (၁၀၀)ပင်၊ ပျဉ်းကတိုးပင် (၂၀၀)၊ တမလန်းပင် (၁၀၀)၊ ပိတောက် (၁၅၀)ပင်၊ မန်ဂျန်ရှားပင် (၂၀)၊ ရေပိတောက်ပင် (၁၈၀)၊ မအူပင် (၁၀၀)၊ ယမနေပင် (၅၀)၊ ခရေပင် (၅)ပင် စုစုပေါင်း အရိပ်ရအပင်ကြီးမျိုး (၁၂၁၀)ကျော်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပ၍ စိုက်ပျိုးနိုင်ခဲ့မှုအခြေအနေများ၊ ပြုစုပျိုးထောင်၍ ရှင်သန်ဖြစ်ထွန်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာသူများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)