ကျောက်တန်း ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ မှော်ဘီ (၃) မျိုးစပါးမျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီက ကျုံကန်ကျေးရွာ၊ ကွင်းအမှတ် ၆၃၈ ၊ ဦးပိုင် (၂၅) တောင်သူဦးဝင်းမြင့်၏ လယ်မြေ (၃)ဧက ၌ ကျင်းပခဲ့သည်။
မိုးစပါးမျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာစနစ်၊ ပျိုးထောင်စနစ်တို့ဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းက စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရမည့် နည်းစနစ်များကို တောင်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများက အဆိုပါတောင်သူ ဦး၀င်းမြင့်၏ လယ်မြေ၌ မှော်ဘီ (၃)မျိုးစပါး မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးခဲ့သည်။ ထို့ပြင် ကျောက်တန်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၁၀၈၀၇၂ ဧကရှိပြီး မျိုးစေ့ချကိရိယာစနစ်ဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် တာ၀န်ရှိသူများက စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)