ဥတ္တရသီရိ ဇွန် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် တိုင်းဦးစီးမှူး ဦးမြတ်သီဟနှင့် တာဝန်ရှိသူများက လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ဥတ္တသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်က စခန်းရှိ မီးသတ်ယာဉ်များအား ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားရှိမှုအအခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ တွေ့ကြုံလာပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရုံးအတွင်းအပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းမီးသတ်ဦးစီးမှူးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် အဆိုပါရုံးအစည်းအဝေးခန်းမ၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်က ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဦးစီးမှူး ဦးမြတ်သီဟက လိုအပ်သည်များကို မှာကြားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)