မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု အစီအစဉ်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ချောင်းဆုံ ဇွန် ၂၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများ ဆေးကုသမှုအစီအစဉ်ကို ဇွန်လ ၂၂ ရက်နေ့က မုရစ်ကလေး တိုက်နယ်ဆေးရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဆေးကုသမှုအစီအစဉ်တွင် လာရောက်ပြသသူများအား အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ပြန်လည်ပေးအပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုကာ အထူးကုဆရာဝန်ကြီးများအား ကုသရေးအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့ပြီး ဆေးကုမှုခံယူနေကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ  အားပေးစကား ပြောကြားခြင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆေးကုခြင်းအစီအစဉ်ကို မွန်ပြည်နယ်ကုသရေးဦးစီးဌာန ပြည်နယ်မှူး ဒေါက်တာအောင်မြင့်ဦး ဦးဆောင်၍ အထူးကုဆရာဝန်ကြီးများမှ အထွေထွေရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်နှင့် ကလေးရောဂါများ၊ အရိုးအဆစ်နှင့်ပြန်လည်သန်စွမ်းရေး၊ စိတ်ကျန်းမာရေး၊ အာထရာဆောင်းနှင့် ခွဲစိတ်အထူးကု စသည်တို့ကို (အခမဲ့) ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)