ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ

မိုးညှင်း   နိုဝင်ဘာ   ၁၄

ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးတွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ကုန်တင်ယာဉ်နောက်လိုက်(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဂိတ်စခန်းတွင် တာဝန်ကျသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ယနေ့စစ်ဆေးတွေ့ရှိခဲ့သည် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာသည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရွာနေ အသက်(၂၄)နှစ်အရွယ်ရှိ ကုန်တင်ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ ၁၂ဘီး ကုန်တင်ယာဉ်မောင်းသူ အသက်(၅၄)နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ကုန်တင်ယာဉ်နောက်လိုက်တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာအား မော်ဟဲကျန်းမာရေးစစ်ဆေးရေးဂိတ်မှ မိုးညှင်း ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်လူနာခန်းသို့ AMBULANCE မော်တော်ယာဉ်ဖြင့် ပို့ဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်းနှင့် ၎င်းနှင့်ထိတွေ့မှုရှိခဲ့သည် ကုန်တင်ယာဉ်မောင်းအား မိုးညှင်းတက္ကသိုလ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွင် ထားရှိထားကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးထံမှ သိရသည်။

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို အောက်တိုဘာလ ၉ ရက်နေ့မှစ၍နေ့စဉ် နံနက်(၇:၃၀)မှ ညနေ(၆:၀၀)နာရီအထိ ကျန်းမာရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ယနေ့အချိန်အထိဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြု လူနာတွေ့ရှိမှုသည်လည်း ယနေ့ပိုးတွေ့လူနာသည် ပထမဆုံးအကြိမ် ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်း ဒေသတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ အရေအတွက်မှာ ၁၉ ဦး အထိ ရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်၍ ယနေ့ ပိုးတွေ့လူနာသည် ၂၀ ဦးမြောက် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)