(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဆုချီးမြှင့်

မုဒုံ ဇွန် ၂၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဇူလိုင် (၆)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြတ်ပ ညာ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကအသင်းရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီထွန်းက အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးသန်းတင်က ပညာသင်ထောက်ပံ့ကြေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၅)ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်လေးဦး၊ ရိုးရိုး အောင်မြင်သူ(၁၄)ဦးတို့ကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့်ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသားတစ်ဦးမှ ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)