ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား

အမရပူရ ဇွန် ၂၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာဦးဝင်းနိုင်၊ အားကစားနှင့်ကာယပညာဦးစီးကော်မတီဉက္ကဋ္ဌနှင့် ဘောလုံးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဉက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်းနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကျောင်းမှူးနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာအား ချီတက်အလေးပြုကြသည်။ ထို့နောက် ပါမောက္ခချုပ်က ကွင်းဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

အုပ်စု ပထမပွဲစဉ်အဖြစ် ညွန့်ပေါင်း(၁)အသင်းနှင့် နိုင်ငံတကာဆက်ဆံရေးပညာအသင်းတို့ ယှဉ်ပြိုင်ကစားရာ ညွန့်ပေါင်း(၁) အသင်းက ၂ ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ဓာတုဗေဒအသင်းက ပထဝီဝင်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တတိယပွဲစဉ်တွင် ညွန့်ပေါင်း (၂)အသင်းက ရူပဗေဒအသင်းကို ၃ ဂိုး၊ ၂ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြောင်းနှင့် အုပ်စုပွဲစဉ်များကို ဇွန် ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃)သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသီဟ(အမရ)