ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

စစ်တွေ  ဇွန် ၂၂

စစ်တွေမြို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ပြည်သူလူထုနိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်မှုနှင့် သစ်တောသယံဇာတများရေရှည် တည်တံ့စေရန်၊ မြို့ပြများ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများကျန်းမာပျော်ရွှင်ရေးအတွက် အပန်းဖြေနားနေစရာများ ဖွံ့ဖြိုးလာစေရန်နှင့် သစ်တောဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် သစ်တောကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လက်ရှိကြုံတွေ့နေရသော သစ်တောပြုန်းတီးမှုဖြစ်စဉ်များကို လေ့လာကြည့်မည်ဆိုလျှင် သစ်တောများကို စည်းမဲ့ကမ်းမဲ့အလွန် အကျွံခုတ်ထွင် ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်း၊ ထင်းနှင့်မီသွေးအလွန်အကျွံ ထုတ်လုပ် ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ တောရိုင်းတိရစ္ဆာန် များ၏နေရင်းဒေသများကိုကျူးကျော်ချဲ့ထွင်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေများ အလွန်အကျွံချဲ့ထွင်ခြင်းများကြောင့် သစ်တော မြေမှအခြားမြေအသုံးချမှုသို့ ပြောင်းလဲခြင်းဖြစ်ပေါ်စေပြီး သဘာဝသစ်တောဂေဟစနစ်များ တစ်နေ့ထက် တစ်နေ့ ပျက်စီးယိုယွင်း လာနေသည်ကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များကို အသုံးပြုရေး သက်သက်သာမဟုတ်ပဲ သစ်တောသစ်ပင်များမပျက်စီးရေး၊ သစ်တောများရှင်သန်နိုင်ရေး လုပ်ဆောင်ပေးရမည်ဆိုသည့်အသိဖြင့် ပြန်လည်စိုက်ပျိုးခြင်း၊ ပြုစုစောင့်ရှောက်ကာကွယ်ပေးခြင်းသည် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသား အဆင့်လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အားစိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ မိုးရာသီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအနေဖြင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းစိုက်ပျိုးခြင်း၊ လူထုသို့ဖြန့်ဝေစိုက်ပျိုးမည့် ပျိုးပင် များ ရာသီအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ သစ်ပင်များရှင်သန်အောင်မြင်အောင် ပြုစုထိန်းသိမ်းသွားကြရန် အလေးအနက်ထားပြောကြားလိုကြောင်း၊ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် မြေပေါ် မြေအောက် သဘာဝသယံဇာတများ ထုတ်ယူသုံးစွဲမှုများကို လျှော့ချပြီး နောင်အနာဂါတ်မျိုးဆက်များတိုင်အောင် သယံဇာတများ ထိန်းသိမ်းအသုံးပြုနိုင်ရေး၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုလျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေး၊  နိုင်ငံပိုင်သစ်တောများရေရှည် တည်တံ့စေရေး၊ မြို့ပြသစ်တောများနှင့် ကျေးရွာပိုင် ထင်းစိုက်ခင်းများ တည်ထောင်ရေး၊ ပင်လယ်ကမ်းခြေဒေသရှိ ဒီရေတောများ ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြစ်ချောင်းနှင့်ဆည်တာတမံများရေရှည် ထိန်းသိမ်းအသုံးပြုနိုင်ရေးအတွက် ရေဝေရေလဲ သစ်တောများ တည်ထောင်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ တိုင်းရင်းသားပြည်သူများ၊ မျိုးဆက်သစ်လူငယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများအား စိုက်ပျိုးမည့် ပျိုးပင်များကို ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စိန်ပန်း၊ မဟော်ဂနီနှင့် စိန်တံခြူပင်များကို စိုက်ပျိုးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သစ်ပင်စိုက်ပျိုး နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ စစ်တွေမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်း၊ မဟော်ဂနီ၊ ရေတမာ၊ မန်ဂျန်ရှား၊ စိန်တံခြူစသည့် သစ်ပင်ပေါင်း ၁၁၁၀ ပင်အားစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)