ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ဟိုပုံးမြို့ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်

ဟိုပုံး ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က နမ့်ဗော်ဟွန်း ကျေးရွာအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ဖို့၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ် ထိန်းသိမ်းဖို့၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းမှာ ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့နဲ့ အင်းလေးကန်‌ ရေဝေရေလဲဒေသတွင် သစ်တောများ ပြန်လည်ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ သစ်တော၊ သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေခြင်း၊ ရာသီဥတုမျှတစေခြင်း၊ လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားစရာ၊ နေရာစရာ၊ သောက်သုံးရေနှင့်သစ်၊ တိုင်၊ မျော၊ ထင်းစတဲ့ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေး ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ဖယ် ရှားပေးခြင်း၊ ရေနှင့် လေများသန့်စင်ပေးခြင်း၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ပေးခြင်း ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်ဆင့်ဖြစ်ပေါ်စေခြင်းနှင့် မြေအောက်ရေ ဖြည့်တင်းမှုကို အထောက်အကူပြုခြင်းစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ အကျိုးကျေးဇူးများစွာကိုလည်း  ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီမှာ သစ်မျိုး(၂၁)မျိုး၊ ပျိုးပင်ပေါင်း(၈၅၉၀၀)ခန့် ပျိုးထောင်ထားရှိ ပြီး၊ အင်းလေးကန် ရေဝေရေလဲဒေသ ထိန်းသိမ်းရေး၊ ပေါင်းလောင်းဆည်ရေဝေရေလဲဒေသ ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်‌ရေးအစရှိသည့် စီမံကိန်းနှင့် စီမံချက်များအရ ကျေးရွာထင်းစိုက်ခင်း၊ အာဆီယံလမ်းမကြီးဝဲ/ယာ စိုက်ခင်း၊ သီးနှံသစ်တော ရောနှောစိုက်ခင်း၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်းစသည့် စိုက်ခင်းများအနေဖြင့် သစ်တော၊ သစ်ပင် (၂၅၇၆၀)ခန့်ကို သစ်တောဦးစီးဌာနက တာဝန်ယူစိုက်ပျိုးလျက်ရှိနေပြီး ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့နှင့် ပြည်သူလူထုကို သစ်တော၊ သစ်ပင်(၆၀၁၄၀)ကို အခမဲ့ဖြန့်ဝေစိုက်ပျိုးလျက်ရှိ ကြောင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးမည့်ပျိုးပင်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးခွန်လှသိန်း နှင့် ဒေသခံပြည်သူများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဒေသခံပြည်သူများကို လည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်က မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဌေးအောင်နှင့် ဒေသခံပြည်သူများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့်အရာရှိကြီးများ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဒေသခံပြည်သူများ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်တာဝန်ရှိသူများက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးနေမှု အားကြည့်ရှုခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မီပင်(၂၅၀)ပင်၊ ချယ်ရီပင် (၃၆၀)ပင်၊ စိန်ပန်းနီ(၃၆၀)ပင်၊ စိန်ပန်းပြာ(၃၆၀)ပင်၊ ပိတောက်(၉၀)ပင်၊ ပြည်လုံးချမ်းသာ (၈၀)ပင်နှင့် မဟော်ဂနီ(၃)ပင် စုစုပေါင်း (၁၅၀၃)ပင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)