ပင်လောင်းမြို့နယ်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက်တိရိစ္ဆာန်များ ပေါများရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နောင်တရား ဇွန် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ မီးသွေးချောင်းကျေးရွာအနီး လှည်းကုန်း-မီးသွေးချောင်း-အင်းတိန်သွား ဂျာမနီကားလမ်းဘေးတွင် ပင်လောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက်တိရိစ္ဆာန်များပေါများပြီး ရာသီဥတုကောင်းမွန်လာစေရေးအတွက် သစ်ပင်ပျိုးပင်ပေါင်း (၁၀၀၀)ပင်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် စိုက်ပျိုးခဲ့သည်။

သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားတွင် ပင်လောင်းမြို့နယ် သစ်တောဦးစီးမှူး ဦးကျော်ဇင်မောင်က ချယ်ရီပျိုးပင် (၁၅၀)ပင်နှင့် ခါတော်မှီပျိုးပင် (၁၅၀)ပင်ကို ဒေသခံပြည်သူများနှင့် လူမူရေးအသင်းဖွဲ့များသို့ ဖြန့်ဝေပေးအပ်ခဲ့သည်။ ဂျာမနီကားလမ်းမကြီးဘေးတွင် ခါတော်မှီပျိုးပင် (၃၀၀)ပင်၊ ချယ်ရီပျိုးပင် (၂၅၀)ပင်၊ စိန်ပန်းပြာပျိုးပင် (၁၀၀)ပင်၊ ကျွန်းပျိုးပင် (၅၀)ပင်၊ စုစုပေါင်း (၇၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်ပျိုးပင်များ ရေရှည်ရှင်သန်ကြီးထွားရန်အတွက် ပင်လောင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ဒေသခံပြည်သူများမှ ပေါင်းရှင်းခြင်း၊ မြေဆွေးထည့်ခြင်းနှင့် နွေရာသီတွင်ရေလောင်းခြင်း စသည့် သစ်ပင်ကြီးထွားရန်အတွက် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ပင်လောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ခွန်အောင်(နောင်တရား)