သီပေါမြို့နယ်၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်

သီပေါ ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းတည့်(၁၂)နာရီက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိတော်မူကြသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီးများအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ် သံပြိုင်ညီညာရွတ်ဆို၍စတင်ခဲ့ပြီး မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ဆက်လက်၍ ဘဏ္ဍာကျောင်းဆရာတော် အရှင်ဇာနေယျကဂုဏပူဇာချီးကျူးထောပနာဂုဏ်ပြုတိုက်တွန်းလွှာ ဂါထာမြတ်ဖြင့် ပူဇော်ခဲ့ကာ နိုင်ငံတော်ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဒေါက်တာဒေဝိန္ဒ (မဟာဓမ္မကထိက)က ဝမ်းမြောက်ကြောင်း တရားဒေသနာချီးမြှင့်ဟောကြားတော်မူခဲ့သည်။

ထို့နောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ဆက်ကပ်သော သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်များကို ချီးမြှင့်ဆက်ကပ်ခံရသော ဆရာတော်အရှင်သူမြတ်(၈)ပါးနှင့် သိက္ခာရှင်ဆရာကြီး (၃)ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များ၊ လှူဖွယ်ဝတ္ထုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်အလှူရှင်များက အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နမ့်လန်ကျေးရွာအုပ်စုမဇ္ဈိမာရာမ ကျောင်းဆရာတော် ဘဒ္ဒန္တဉာဏောဘာသက ရှမ်းမြန်မာနှစ်ဘာသာဖြင့် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ရတနာတော်မြတ်သုံးပါးအားရှိခိုးပူဇော် ကန်တော့၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ်သံပြိုင်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်း  မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ထံမှသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ချီးမြှင့်ဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ သီပေါမြို့နယ်မှလက်ခံရရှိသောမူကြသော ဆရာတော်ကြီး(၈)ပါးနှင့် သာသနာ့နွယ်ဝင်သီလရှင်(၃)ပါး၊ စုစုပေါင်း(၁၁)ပါးရှိပါကြောင်း၊ ယခင်က နှစ်စဉ် ဂုဏ်ပြုပူဇော်ပွဲကျင်းပပေးနိုင်ခဲ့သော်လည်း ကူးစက်ပြင်းထန်ကပ်ရောဂါနှင့်အထွေထွေ ထိခိုက်မှုများကြောင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဂုဏ်ပြုပူဇော်ပွဲများကို ကျင်းပနိုင်ခဲ့ခြင်း မရှိပါကြောင်း၊ ယခုအခါ အဆိုပါနှစ်များတွင် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး (၁၁)ပါးတို့အား ဂုဏ်ပြုပူဇော်သည့် ဂုဏပူဇာသဘင်ပွဲ ကိုမြို့နယ်ဥပတ္ထမ္ဘက အဖွဲ့နှင့်တပည့်တကာများက ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)