မုဒုံ ဇွန် ၂၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ (၁၇)ရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇)၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုအပ်ကြောင်း၊ ယခင်နှစ်များက ချေးငွေများ အပြေအကျေပြန်လည်ဆပ်ပြီးသည့် တောင်သူတစ်ဦးလျှင် လယ်တစ်ဧက ၁၅၀၀၀၀ နှုန်းဖြင့် လယ် ၁၀ ဧကအထိ ထုတ်ချေးပေးလျက်ရှိကြောင်း မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေးက ပြောကြားခဲ့သည်။
မုဒုံမြို့နယ်အနေဖြင့် ယနေ့ထိ စိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ (၁၇)ရွာရှိ တောင်သူ (၈၂၇) ဦး၏ လယ်ဧက (၆၀၈၅)ဧကအတွက် ချေးငွေကျပ် စုစုပေါင်း (၉၁၂၇ ဒသမ ၅)သိန်းကို ထုတ်ချေးပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း အချိန်မီထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)