ကော့မှူး ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးပြသခြင်းကို ယနေ့နံနက် ၈ နာရီက မကျီးတန်းရပ်ကွက် ကွင်းအမှတ် (၂၉၃)၊ ဦးပိုင်အမှတ် (၁၀/၁)ဧက(၆)ရှိ တောင်သူ ဦးပြုံးပိုင်လယ်မြေ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧက မျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန် မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီ စိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန် လွယ်ကူခြင်း၊ ဝင်ငွေတိုး တက်စေခြင်းစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ မိုးစပါး လက်တွေ့စိုက်ပျိုးပြသပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)