ပင်းတယ ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပွင့်လင်းရာသီ၌အဖြစ်များသည့် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကျောင်းသား/ကျောင်းသူများအနေဖြင့် အန္တရာယ်ကင်းရှင်းစွာ ရှောင်ရှားနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ပွေးလှကျေးရွာအုပ်စုအတွင်းရှိအခြေခံပညာအထက် တန်းကျောင်း(ပွေးလှ)နှင့် ကူးကော်ကျေးရွာအတွင်းရှိ အခြေခံပညာမူလွန်ကျောင်း(ကူးကော်)တို့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းမာသိန်းနှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိအသက်နှင့် အိုးအိမ်များဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှောင်ရှားရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ပြသပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)