၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

တောင်ကြီး ဇွန် ၂၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ကြီးတက္ကသိုလ်တို့တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် ကျင်းပဆောင်ရွက်လျက်ရှိသည့် စာစီစာကုံးပြိုင်ပွဲသို့ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ထုပ်စည်းတိုး အားကစားပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယကနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တောင်ကြီးတက္ကသိုလ်၌ “လူမှုအလှ မြန်မာအမျိုးသမီးဘဝ”ခေါင်းစဉ်ဖြင့် ကျင်းပဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အဆင့်  ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် တစ်ချိန်တည်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းသား/ကျောင်းသူ (၁၂၇)ဦး၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ‌ကျောင်းသား/ကျောင်းသူ (၁၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပဆောင်ရွက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)