လယ်ဝေး ဇွန် ၂၂
နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ လယ်ဝေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယမန်နေ့နံနက် ၉ နာရီတွင် လယ်ဝေးမြို့ ဖောင်တော်ချက်မဘုရားတန်ဆောင်း၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခုတင်-၁၀၀ ဆေးရုံအုပ် ဒေါက်တာ နန္ဒာကျော်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက ခြင်နှင့်ယင်ကြောင့်ဖြစ်ပွားတတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်ပြီး အဖွဲ့ခွဲကာ အမှတ်(၃)ပေတောကုန်းရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း လက်တွေ့ဆောင်ရွက်ပြသ၍ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)