မောက်မယ်မြို့နယ်၌ ရိုးရာဓလေ့(လွယ်ဝေါ်ကျောက်တောင်ပူဇော်ပသပွဲ) ကျောက်တောင်းပွဲ ကျင်းပ

မောက်မယ် ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နမ့်လွတ်ကျေးရွာအုပ်စုအရှေ့ဘက်ရှိ ဂေါ်ဒန်ကျောက်တောင်(လွယ်ဝေါ်ကျောက်တောင်နတ်ပူဇော်ပသပွဲ) ကျောက်တောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်း ဂေါ်ဒန်ကျောက်နတ်စင်တွင် နှစ်စဉ်နယုန်လပြည့်နေ့ရောက်တိုင်း တစ်နှစ်တစ်ကြိမ် ကျောက်တောင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကျောက်တောင်းပွဲကို ဂေါ်ဒန်ကျောက်လုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များတို့မှပူးပေါင်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းမှာ မိုးလေဝသမှန်ခြင်း၊ ဂေါ်ဒန်ကျောက်တောင်မှ ထွက်ရှိလာသော ကျောက်များသည် အများအပြားထွက်ရှိပြီး ဘိလပ်မြေစက်ရုံသို့ တင်ပို့ရောင်းချနိုင်ခြင်း၊ ကျောက်တွင်းမှအလုပ်သမားများ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးခြင်းတို့အယူရှိကြပြီး  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ဂေါ်ဒန်ကျောက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ယမန်နေ့နေ့လယ် ၁၁ နာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား အဆိုပါကျောင်းတွင် နေ့လယ်ဆွမ်းနှင့် ဘောဇဉ်၊ ခဲဖွယ်၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ငါးပါးသီလခံယူ ပူဇော်ကန်တော့ကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ရပ်ဝေးရပ်နီးမှ ကြွရောက်လာကြသောဓမ္မမိတ်ဆွေများတို့အား ထမင်းထုပ်များဖြင့် မျှဝေခဲ့ကြကြောင်း သိရသည်။ နေ့လယ်ပိုင်းတွင်လည်း ရှမ်းအိုးစည်ဗုံမောင်းများတီး၍ လူဖိုင်း(ခေါ်)မီးရှုးလွတ်တင်ခဲ့ကြပြီး မီးရှူးလွှတ်တင်ခြင်းသည် ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ရှေးထုံးစဉ်လာဘိုးဘွားစဉ်ဆက်မိရိုးဖလာ အမူအကျင့်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)