တာချီလိတ်မြို့၌ မြို့တွင်းရပ်ကွက်လမ်းများ ခင်းကျင်းနေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တာချီလိတ် ဇွန် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းရပ်ကွက်လမ်းများ တိုးတက်ကောင်းမွန်စေရန် ကွန်ကရစ်လမ်းခင်းကျင်းနေမှုများကို ဇွန်လ ၂၀ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၉၉၆ သန်းဖြင့် မယ်ခေါင်ရပ်ကွက်ရှိ အိမ်တွင်းမှုကျောင်းလမ်း အရှည် ၁၀၀၀ ပေ၊ အကျယ် ၂၀ ပေ၊ ထု ၁၀ လက်မရှိ ကွန်ကရစ်ခင်းခြင်းကိုလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၈၆ သန်းဖြင့် တောင်ဇလပ်လမ်း အရှည် ၉၀၀ ပေ၊ အကျယ် ၂၀ ပေ၊ ထု ၁၀ လက်မရှိ ကွန်ကရစ်ခင်းခြင်းကို လည်းကောင်း၊ ခွင့်ပြု ရန်ပုံငွေကျပ် ၉၈ သန်းဖြင့် အရှည် ၇၈၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၆ လက်မရှိ (အပိုင်း-၂) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများမှာ ယခုအခါ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ တာဝန်ခံ အင်ဂျင်နီယာ ဦးရဲထွန်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)