ဗန်းမော် ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လူထုအသိပညာပေး Bill Board စိုက်ထူပွဲအခမ်းအနားကို ဗန်းမော်မြို့ သာစည်ရပ်ကွက်၊ ဗန်းမော်-မံစီသွားကားလမ်းမဘေး မီးပွိုင့်လမ်းဆုံနေရာ၌ ဇွန် ၂၀ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Bill Board ကို ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လတ်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုးတို့မှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူကြစို့” Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ တာဝန်ရှိသူများက အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြပြီး ဝန်ထမ်းများက လမ်းသွား/လမ်းလာ ပြည်သူများအား သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ၊ မြို့နယ်စုပေါင်းရုံးရှေ့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သန့်ရှင်းသာယာလှပရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များအတွက် ပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့ကြကာ ရုံးကြီးလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် အရိပ်ရအပင်ကြီးများနှင့် အလှပန်းပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၏ သစ်ပင်စိုက်ပျိုးပေးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့၊ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်ရင်း/တပ်ဖွဲ့များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးက ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တပ်ရင်း/တပ်ဖွဲ့များအတွက် ဆန်အိတ် (၄၅၀)အိတ်နှင့် ငွေကျပ်သိန်း (၃၅၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်၊ ကက်သလစ်အသင်းတော်သို့ သွားရောက်ပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အလားတူ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ဗန်းမော်ခရိုင် နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံး၌လည်း ရောဘတ်မိဘမဲ့ဂေဟာမှ ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရှိုးသီဟ (ပြန်/ဆက်)