ဇမ္ဗူသီရိမြို့နယ် Wisdom Hill ကိုယ်ပိုင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ဇမ္ဗူသီရိ ဇွန် ၂၂

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ဗလငါးတန်နှင့် ပြည့်စုံရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက Wisdom Hill ကိုယ်ပိုင်ကျောင်း၌ ကျင်းပခဲ့သည်။

ဦးစွာလူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် မျိုးဆက်သစ်လူငယ်များဖြစ်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့် ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ ကျောင်းသားလူငယ်များဟာ လူ့အသိုင်းအဝိုင်းတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစား ဆင်ခြင်မှု အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ်သွားကြမည်ဆိုပါက ဘဝတွင်အောင်မြင်မှုများကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်သည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ စာများများ ဖတ်ကြရန်နှင့် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့် စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ တီထွင် ဖန်တီးထိုးထွင်း ဆောင်ရွက်လိုစိတ်များ ရှိရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းက ကျင့်ဝတ်နှင့် စည်းကမ်းခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းပြီးဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက Fitness Dance သရုပ်ပြဖျော်ဖြေ တင်ဆက်ခဲ့သည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က Wisdom Hill ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ လှူဒါန်း‌ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)