ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၂၂   

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့) ရေစက်ချပွဲအခမ်းအနားကို စေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျက "ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာ"ကို လျှောက်ထားခဲ့သည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီး၀န်ကြီးများနှင့် ဂေါပကအဖွဲ့၀င်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် စေတီတော်ရင်ပြင်ချမ်းသာကြီးတန်ဆောင်းစုရပ်မှစတင်၍ နယုန်လပြည့်မဟာသမယအခါတော်နေ့လှည်လည်ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ မဟာသမယအခါတော်နေ့ဖြစ်ပေါ်လာပုံအား ဖော်ကျူးသည့်အားဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များက ကပိလဝတ်နှင့် ကောလိယနှစ်ပြည်ထောင်ကိုယ်စားပြုလျက် မင်း၊ မှူးမတ်၊ အဆောင်အယောင်များဖြင့် ဝတ်ဆင်ပြသခဲ့ကြပြီး ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ချမ်းသာကြီးတန်ဆောင်းတွင် စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ်ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း၊ အမျှဝေ၊ သာဓုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ ပြုလုပ်ကြပြီးနောက် ကမ္ဘာသူကမ္ဘာသားဝေနေယျသတ္တဝါအပေါင်းတို့ ငြိမ်းချမ်းစေရန် ရည်သန်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်ရှိ ခေါင်းလောင်းများအား ပြိုင်တူတီးခတ်ကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အောင်မြင့်(ပြန်/ဆက်)