ကျောက်ဆည်မြို့၌ အခြေခံအပင်တစ်သျှုး မျိုးပွားနည်း (၂/၂၀၂၄)သင်တန်းဆင်းပွဲ ကျင်းပ

ကျောက်ဆည် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံအပင်တစ်သျှူးမျိုးပွားနည်း(၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါ ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာအေးအေးခိုင်က သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင်သင်ကြားပေးလိုက်သော ပညာရပ်များကိုအခြေခံ၍ ရောက်ရှိရာဒေသများတွင်လေ့လာ၍ ဗဟုတသုများရှာဖွေသွားကြရန်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနည်းကျစာတမ်းပြုစုရေးသင်တန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း၊ စိုက်ပျိုးရေးနည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားများပြောကြားခဲ့ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့သော မြဘုရင်နို့ချက်စက်ရုံမှ မန်နေဂျာချုပ်ဦးထွန်းလွင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသင်းသင်းနွဲ့၊ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာလဲ့လဲ့ထွန်းနှင့်တာဝန်ရှိသူတို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သည့် ရန်ကုန်တက္ကသိုလ်မှ တွဲဘက်ပါမောက္ခဒေါက်တာဇော်လွင်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်းနှင့် အခြေခံအပင်တစ်သျှူးမျိုးပွားနည်းသင်တန်းဖွင့်လှစ်ခြင်းအားဖြင့် လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအခန်းကဏ္ဍတွင် အပင်တစ်သျှူးမျိုးပွားနည်းပညာဖြင့် ဒေသနှင့်လိုက်လျောညီထွေသောအပင်များကို ဗီဇတူများရရှိအောင် ပွားများနိုင်သောနည်းလမ်းများလေ့လာသိရှိစေနိုင်သည့် အကျိုးကျေးဇူးများရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်