သာစည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်မှစာရေးဆရာများနှင့်ကျောင်းသားလူငယ်များပါဝင်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ဇွန် ၂၁ ရက် နံနက် ၁၁ နာရီက ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး (စာရေးဆရာခန့်စစ်အောင်) က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ကျောင်းသား/သူများ အနေဖြင့် မိမိတို့သိရှိလိုသည်များကို ပါဝင်မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။ထို့နောက် စာရေးဆရာဝေးရင့်သီနှင့် စာရေးဆရာအလင်းချို (သာစည်) တို့က လူငယ်နှင့်သုတရသစာပေများအကြောင်းတို့နှင့် ပတ်သက်၍ ဆွေးနွေပြောကြားပြီး စာဖတ်ကြရန်ပြောကြားသည်။ထို့နောက် ကျောင်းသားလူငယ်များက ဖတ်သင့်သည်စာအုပ်များရွေးချယ်မှုနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ စာရေးဆရာများက အသက်အရွယ်အလိုက် ဖတ်သင့်သည့်စာပေများနှင့်စာများများဖတ်လာပါက မိမိတို့ကိုယ်တိုင် ရွေးချယ်ဖတ်ရှုလာနိုင်မည်ဖြစ်ကြောင်းကို ပြန်လည်ရှင်းလင်းမျှဝေခဲ့ကြောင်း သိရသည်။ ရသလမ်းဆုံ စာဖတ်ဝိုင်းကိုတစ်လလျှင် တစ်ကြိမ်ပြုလုပ်ပြီး မြို့နယ်မှစာရေးဆရာများက စာပေနှင့်ပတ်သက်၍ ကိုယ်တိုင်ရေးသားထားသည်များနှင့် အခြားသောစာရေးဆရာများ ရေးသားထားသည့် စာပေအကြောင်းအရာများကို မျှဝေခံစားပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် စာပေဝါသနာရှင်များကို စာများများဖတ်ကြရန် တိုက်တွန်းပြောကြားခြင်းနှင့် စာရေးသားနည်းများကို မျှဝေပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်မှစာရေးဆရာများနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)