ဟိုပုံး ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လွယ်အွန့်ကျေးရွာ အုပ်စု၊ လွယ်အွန့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် လွယ်အွန့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းမှ ရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာ၍ သုတ၊ ရသ စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)