မော်လမြိုင် ဇွန် ၂၁
မွန်ပြည်နယ်တွင် နွေရာသီ၌ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ စိုက်ပျိုးရေနှင့် သုံးရေများ မြစ်ရေတင်အသုံးပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နွေရာသီတွင် ဖြစ်ပေါ်လာသည့် ရေရှားပါးမှု၊ မြစ်ရေတိမ်ကော၍ သွားလာရေးခက်ခဲမှုများ၊ စိုက်ပျိုးရေးနှင့် သုံးရေများ မြစ်ရေတင်အသုံးပြု နိုင်ရေးအတွက် စီမံဆောင်ရွက်မှုများ၊ ဖြေရှင်းရန်နည်းလမ်းများနှင့် အကြံပြုချက်များနှင့်အတူ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီမှ တင်ပြလာမှုအပေါ် ယခုမိုးတွင်းမှစ၍ ဖိဖိစီးစီးဆောင်ရွက်ရန် ညွှန်ကြားမှုပြုခဲ့သဖြင့် ယနေ့အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် နှစ်စဉ် ပျမ်းမျှမိုးရေချိန်လက်မ (၂၀၀) ကျော် အမြဲရွာသွန်းသဖြင့် နွေဦးပေါက်ရာသီစပြီဆိုကတည်းက ရေရှားပါးမှုပြဿနာကို စတင်ခံစားနေကြရကြောင်း၊ မြန်မာနိုင်ငံရဲ့ မြစ်ကြီးလေးသွယ်မှာပါဝင်တဲ့ သံလွင်မြစ်နဲ့ စစ်တောင်းမြစ်တို့အပြင် ဂျိုင်း၊ အတ္ထရံ၊ ဘီးလင်းနဲ့ ရေးမြစ်တို့ဟာ ဒီရေအတက်အကျရှိပြီး ချောင်း၊ မြောင်းတွေမှာလည်း ဒီရေအဝင်/ အထွက်၏ အကျိုးသက်ရောက်မှုရှိကြောင်း၊ ဒါကြောင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေသွင်း၊ ရေနှုတ်မြောင်းတွေ တူးဖော်ပေးခြင်း၊ သဘာဝအင်းအိုင်တွေ ပြန်လည်တူးဖော်ပေးခြင်း၊ ရေကန်များနှင့်ဆည်များတွင် ရေများစနစ်တကျသိုလှောင်သိမ်းဆည်းထားခြင်း၊ မိုးရေခံစနစ်ကျင့်သုံးစေခြင်းတို့ဟာ နွေရာသီရေရှားပါးမှုပြဿနာအတွက် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေဘဲဖြစ်ကြောင်း၊ ခုဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ ရေနဲ့ပတ်သက်တဲ့ ကဏ္ဍတွေမြှင့်တင်ဘို့အတွက် အမျိုးသားရေဥပဒေကို အကောင်အထည်ဖော်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဒီဥပဒေအာဏာသက်ဝင်လာပါက နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ရေရှားပါးမှုကိစ္စတွေ၊ ရေကြီးရေလျှံမှု ပြဿနာတွေကို အထိုက်အလျောက်ဖြေလျော့သွားမှာဖြစ်ပါကြောင်း၊ ရေနှင့်ဆက်နွယ်နေတဲ့ ဌာနများအနေနဲ့ မွန်ပြည်နယ်အတွင်း ရေရှားပါးမှုကိစ္စရပ်ေတွကို ဖြေရှင်းနိုင်ရေးအတွက် မိမိတို့ဌာနအလိုက်၊ စီမံချက်ချဆောင်ရွက်ကြရန်နှင့် အကြံပြုချက်များ တင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မွန်ပြည်နယ်အတွင်းရှိ ရေလှောင်တမံအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရေလှောင်တံများ၏ ရေမှတ်၊ မိုးရေချိန်နှင့် ရေသိုလှောင်ထားရှိမှု၊ ချောင်းပိတ်မြောင်းပိတ်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အကြုံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသား ၁၆၅ ဦးအား ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃/၂ဝ၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)