ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေး

ငါန်းဇွန် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ယနေ့နံနက်(၉)နာရီ အချိန်ကစ၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှေုာက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၃) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးသည့်အပြင် အာဟာရဒါနအဖြစ် လက်ဘက်ရည်၊ စမူဆာများနှင့် ကျွေးမွေးဧည့်ခံခဲ့ပြီး ဆေးဝါးနှင့် ကုသခြင်း ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်စင်စားများအား အခမဲ့ဆေးဝါးကုသပေးမှုများကို လစဉ်ပင်စင်ထုတ်ရက်များတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမြို့နယ်ဆရာဝန် ဒေါက်တာ စိုးမိုးအောင်ထံမှ သိရသည်။

ကိုကိုနိုင် (ပြန်/ဆက်)