ကွန်ဟိန်း ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ရပ်မိရပ်ဖများမှ ဦးဆောင်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ၊ ဟိတကာရီခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးက အမှိုက်များစနစ်တကျစွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ စိုင်းထွန်းဦးက သဘာဝပတ်ဝန်းကျင်အရေးကြီးပုံအကြောင်း၊ ဆရာစိုင်းမွန်းရာဇာက သဘာဝပတ်ဝန်းကျင်နှင့် အမှိုက်စနစ်တကျစွန့်ပစ်ခြင်း၊ မြေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် မေးခွန်းများမေးမြန်းခြင်း၊ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)