ညောင်ဦး ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများ၊ သာသနာ့တက္ကသိုလ်ကြီးများနှင့်ဘုန်း တော်ကြီးကျောင်းများသို့ ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ-ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဌသင်္ဂါယနာမူ ပါဠိတော်စာအုပ်များ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) ရပ်ကွက်ရှိ ဇေယျဝတီစာသင်တိုက်ကြီးတွင် လှူဒါန်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများအတွက် ပါဠိတော်ကို (မြန်မာ၊ရိုမန်)အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသောဆဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်စာအုပ်များအား ပရိယတ္တိစာသင်တိုက်ကြီးများ ဖြစ်တော်မူကြသည့် ကျန်စစ်သားဥမင်ကျောင်း၊ လောကနန္ဒာကျောင်း၊ မဟာဝိသုတာရုံတိုက်သစ်၊ ဇေယျဝတီစာသင်တိုက်၊ မဟာဝိသုတာရာမတိုက်သစ်၊ အလိုတော်ပြည့်စာသင်တိုက်၊ ဣသိပညဒေဝဂုရုပရိယတ္တိစာသင်တိုက်ကြီးများအတွက် လှူဒါန်းခြင်းကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် သာသနာရေးမှူး ဦးနေလင်းသိန်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦးတို့က ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း