ချောင်းဆုံမြို့နယ်၌ အချိန်မီစိုက်ပျိုးနိုင်ရေး မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက် ထုတ်ပေး

ချောင်းဆုံ ဇွန် ၂၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂ ၄ခုနှစ် မိုးစပါး စိုက်တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေး ဘဏ်(ခွဲ)မှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ (၂၁) ရက်နေ့က တော်ပွန်ကျေးရွာနှင့် မုခနီးကျေးရွာတို့မှ တောင်သူ (၅၇)ဦး၏ စိုက်ဧက (၃၇၃) ဧကအတွက် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၆)အုပ်စုမှ မိုးစပါးစိုက်ဧက (၃၄၄၄၂) ဧကအတွက် ချေးငွေ သိန်းပေါင်း (၅၁၆၆၃)သိန်း ခန့်အား ထုတ်ချေးနိုင်ရန် လျာထားလျက်ရှိကြောင်း၊ စိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး (၁၀)ဧကအထိ ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေများကို လယ်ယာလုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးပြုစေလိုကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။

အဆိုပါ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများကို မေ (၂၀) ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ဇွန်လ (၂၁) ရက်နေ့အထိ ကျေးရွာ(၂၀)ရွာမှ တောင်သူ (၁၁၉၂)ဦး၏ စိုက်ဧက (၈၂၇၃)ဧကအတွက် ချေးငွေ စုစုပေါင်း သိန်းတစ်သောင်းနှစ်ထောင် လေးရာကိုးသိန်းငါးသောင်းကျပ်ကို ထုတ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများကိုလည်း စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)