ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ကလော ဇွန် ၂၁

လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (လ-၁)ကျောင်းမှ Grade-9ကျောင်းသား မောင်ဉာဏ်ရဲထက်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 9 ကျောင်းသား မောင်အောင်မင်းခန့်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 9 ကျောင်းသူ မအိအိဖြိုးက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10 ကျောင်းသူ မသန္တာလှိုင်က လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နှင့် Grade -11 ကျောင်းသူ မကေဇင်ထွန်းက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ အပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းရာ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် နှင့်ပါဝင်ဆွေးနွေးသူများက အသီးသီးပြန်လည်ဖြေကြားပေးခဲ့ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းသား၊ သူများကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန် မူးယစ်ဝါးအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမားအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ သူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)