သထုံ ဇွန် ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေရေးရာဟောပြောခြင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်က အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ဖြစ်ပွားမှုမှာ များပြားနေပါကြောင်း၊ ယာဉ်အန္တရာယ်ကင်းဝေစေရေးအတွက် သတ်မှတ်ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာကြရန်လိုအပ်ပါကြောင်း အလားတူ ယနေ့ဟောပြောဆွေးနွေးမည့် ဥပဒေဆိုင်ရာများကိုလည်း သိရှိစေလိုပြီး အချင်းချင်းပြန်လည်မျှဝေစေလိုပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်အေးက ဆက်သွယ်ရေးကွန်ရက် အင်တာနက်အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုရာ၌ သတိပြုရှောင်ကြဉ်ရမည့် အချက်များ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေတို့နှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပြစ်မှာပြစ်ဒဏ်များတို့ကိုလည်းကောင်း အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ရဲအုပ်သက်နေလင်းနှင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဟန်ဝင်းထွဋ်တို့က ယာဉ်တိုက်မှု/ ယာဉ်မတော်တဆမှု အမျိုးအစားများ၊ ဖြစ်ပွားရသည့်အကြောင်းများ၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖျက်ခြင်းအတွက် မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေနှင့် ရာဇသတ်ကြီးဥပဒေတို့အရ အရေးယူနိုင်မှုများ စသည်တို့ကိုလည်းကောင်း ဟောပြောဆွေးနွေးကာ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဥပဒေ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ် ဒေါက်တာနီလာသိန်း၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ကထိကဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)