ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ဒဂုံအရှေ့ ဇွန် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)လမ်းမအနီး၊ ထောင်တလုတ်ပိုင်၊ ဘဲတန်းတံတား၊ မအူချောင်းအတွင်းသို့  ငါးမျိုးစိုက်ထည့်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး  ဦးတင့်လွင်က ငါးမျိူးစိုက်ထည့်ခြင်းနှင့် ပတ်သက်၍ သဘာဝမြစ်ချောင်းများအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် ပြည်သူများ ငါးရိက္ခာပိုမိုစားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်များအား သဘာဝမြစ်ချောင်းများတွင် စိုက်ထည့်ပေးခြင်း ဆောင်ရွက်ခဲ့ပြီး ယခုနှစ်ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ မအူချောင်းတွင် လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ရွှေဝါငါးကြင်းသားဖောက်ကောင်ရေ (၃)သိန်း၊ ငါးခုံးမကြီးသားဖောက်ကောင်ရေ (၃)သိန်းနှင့် ငါးမြစ်ချင်းသားဖောက်ကောင်ရေ (၂)သိန်း စုစုပေါင်းသားဖောက်ကောင်ရေ (၈)သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်း​ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ဇော်နှင့်အဖွဲ့ဝင်(၂)ဦး တင်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)