မိုင်းပန် ဇွန် ၂၁
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း (မွေတော်) ၌ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အိရွှေစင်လတ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအကြောင်း ကျောင်းသား/သူများ နားလည်သဘောပေါက်စေရန် ရှင်းလင်းဟောပြောခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းသား/သူများအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း (ပြန်/ဆက်)