ကျိုင်းတုံ ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီပြိုင်ပွဲကို ဇွန်လ ၂၁ ရက် ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(community centre) ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် “မူးယစ်ဆေးဝါးသည် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်တစ်ရပ်လုံးကို လူညွှန့်တုံးအောင် ဖန်တီးလျက်ရှိရာ ၎င်းအန္တရာယ်ကို ယနေ့ကျောင်းသားလူငယ်များသိရှိကာ မူးယစ်ဆေးဝါးများကို မသုံးစွဲရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်တတ်သော အလေ့အထကောင်းများဖြစ်ပေါ်လာစေရန် ယနေ့ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း” နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားကာ ပန်းချီပိုစတာပြိုင်ပွဲကို စတင်ကျင်းပသည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ ကျိုင်းတုံမြို့ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ သူများ (၆၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ(၂၄)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(community centre) ခန်းမတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းရွှေအောင် (ပြန်/ဆက်)