မြောက်ဥက္ကလာပ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယုလမ်းမပေါ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း မြတ်ဆရာခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲ ယာဥ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန္ဒာခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅)မှ မြောက်ဥက္ကလာပမြို့နယ် တပ်စုမှူးဒုရဲမှူးလှိုင်ဝင်းအောင် ဦးစီးသောတပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိလိုက်နာရေးသည် အရေးကြီးပါကြောင်း၊ စည်းကမ်းတကျ သွားလာမှသာ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်နှင့်လမ်းကို မလွဲမရှောင်သာဘဲ နေ့စဉ်အသုံးပြုနေကြရ၍ စည်းကမ်းနှင့် အညီ လိုက်နာပြုမှုမှသာ ယာဉ်ထိခိုက်မှုကင်းဝေးပြီး လိုရာကိစ္စပြီးမြောက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူ (၃၀၀)ဦးထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)