မိုင်းရှူးမြို့တွင် မြို့မစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

မိုင်းရှူး ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် မြို့မစျေး ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့မစျေးသမဝါယမအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် သဘာပတိဦးဝင်းဇော်က အဖွင့်မိန့်ခွန်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်းအုပ်ချုပ်မှုဒါရိုက်တာဦးဇော်ဝင်းက ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ရှင်းတမ်းများဖတ်ကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သား၊ သမီးများအား တာဝန်ရှိသူများက ပညာရည်ချွန်ဆုချီးမြှင့်ခဲ့သည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ (၂၉၁၁) သိန်းကျပ်ရှိပြီး စုဆောင်းငွေပေါ်အတိုးနှင့်အစုပေါ်အမြတ်ငွေကို တာဝန်ရှိသူများက အသင်းသား(၂၆၂)ဦးထံ ပေးအပ်သည်။

အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)