မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲကျင်းပ

မိုင်းစံ ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ဓာတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင်ပေး မူးယစ်ဆေးကိုရှောင်ကာမနှေး စသည့်တို့ကိုဟောပြောခဲ့သည်။ ဆက်လက်၍ မိုင်းစံနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးက မူးယစ်ဆေးဝါးအမျိုးအစားများဖြစ်သည့် မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ ဆေးလိပ်/ကွမ်းယာများ၏ ဆိုးကျိုးနှင့်အန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို တားဆီးကာကွယ်နှိမ်နင်းခြင်းအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသည် လူညွန့်တုံးစေသည်အထိ ဖြစ်စေနိုင်ကြောင်း မူးယစ်ဆေးဝါးကို စတင်အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ရန် စသည့်တို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်ကြည့်ရှုခဲ့ကြပြီး မိုင်းစံနယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို  ကျောင်းသား၊ကျောင်းသူ များနှင့် ဆရာ၊ဆရာမများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)