ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး  (VDP) စီမံကိန်းဖြင့် ကျေးရွာ (၉) ရွာ၌ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်

ကျောက်ဆည် ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မြင့်မားစေရေး၊ ကျေးရွာများတွင် လိုအပ်သည့် ကဏ္ဍများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (VDP) စီမံကိန်းဖြင့် ကျေးရွာ (၉) ရွာ၌ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို သမန္တလင်း၊ ကျားကာ၊ အင်ရောင်း၊ ကြက်ဆင်၊ မြင်းကဘက်၊ ဝမ်းကာဆိပ်၊ လက်ဝဲစု၊ ပေတောကြီး၊ ဘလုံ့ကျေးရွာများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူများ ပူးပေါင်းပါဝင်တတ်စေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် လမ်းကော်မတီအား ကျေးရွာပြည်သူများနှင့်ဖွဲ့စည်း၍ လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများနှင့် လိုအပ်သည်များ အကူအညီများပံ့ပိုး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းရာ၌ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၀၀) နှင့် ပြည်သူထည့်ဝင်ငွေ (လုပ်အား) များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများပြီးစီးပါက ကျေးရွာ (၉) ရွာမှ အိမ်ခြေ (၁၂၇၄) အိမ်၊ အိမ်ထောင်စု (၁၂၇၆) စုမှ ပြည်သူဦးရေ (၅၇၄၉) ဦး တို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်