ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကော့မှူး ဇွန် ၂၁

ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာလူငယ်သင်တန်းကျောင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝထံသစ်ပင်များ ပေးအပ်ခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်ထံ သစ်ပင်များပေး အပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးကျော်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသားများက မန်းဂျန်ရှား(၈၀၀)ပင်၊ ပျဉ်းမ(၂၀၀)ပင်၊ စိန်ပန်း(၂၀၀)ပင် စုစုပေါင်း(၁၂၀၀)ပင်တို့အား သတ်မှတ်နေရာများတွင် တစ်ပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကော့မှူးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ သစ်တောဂေဟာစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး ရာသီဥတု ပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန်နှင့် သက်ရှိလူသားများ၏ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်စေရေးတို့အတွက် ရည်ရွယ်၍ စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)