မိုင်းကိုင်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ်တစ်ရပ်လုံးလူညွှန့်တုံးစေသော မူးယစ်ဆေးဝါး၏အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ကို အ.ထ.က(မိုင်းကိုင်) မြတ်သီရိခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအကြောင်းသိကောင်းစရာ၊ အမှတ်(၁၁)တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းမှ ဗိုလ်မှူးမျိုးဇော်မြင့်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန်းလှိုင်လှိုင်ဦးက မူးယစ်ဆေးဝါးပြဿနာစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောကြရာတက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နယ်လှည့်စာကြည့်တိုက်ကိုခင်းကျင်း၍ သုတ/ရသစာအုပ်စာပေများကို အခမဲ့ငှားရမ်းပေးရာ စိတ်ဝင်စားသူ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များက ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)